မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်နေဝင်းမှ
ပါလီမန်ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်ကို ဖျက်သိမ်းပြီး
နိုင်ငံတော်အာဏာကိုသိမ်းသည့် ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်
ဒီမိုကရေစီလူထုလှုပ်ရှားမှုကို စစ်လက်နက်ဖြင့် ဖြိုခွဲပြီး ဗိုလ်စောမောင်က
နိုင်ငံတော်အာဏာကို ဆက်လက်သိမ်းယူသည်အထိ ချင်းလူမျိုးများသည်လည်း
လက်နက်ကိုင်အဖွဲ့ အစည်းအသီးသီး ဖွဲ့စည်း ပြီး
တခြားတိုင်းရင်းသားညီအကိုများနည်းတူ တော်လှန်တိုက်ပွဲ ဝင်ခဲ့ကြ သည်။
ဗိုလ်နေဝင်းမှ ပါလီမန်ဒီမိုကရေစီအစိုးရကို ဖျက်သိမ်းပြီး
အာဏာသိမ်း လိုက်သည့်အခါ ချင်းပါလီမန် အမတ်များနျင့်
ချင်းမျိုးချစ် ပုဂ္ဂိုလ် များသည် Anti Communist Freedom Organization ကို
ဖွဲ့စည်းကာ လက်နက်ကိုင် အမျိုးသားလှုပ်ရှားမှုကို စတင်ပြုလုပ် ခဲ့ကြသည်။
ဒုတိယဗိုလ်မှူးကြီး ဆွန်ခိုပေါင်၊ ဒမ်ခေါဟောက်၊ မာန်ခန့်ပေါင်၊ ဟရန် နောလ်၊
ဆွန်ကျင်လျန်နှင့် သွာလ်ဇန်တို့က ဦးဆောင်သည် ဒုတိယ ဗိုလ်မှူး ကြီး
ဆွန်ခိုပေါင် ဦးဆောင်မှုဖြင့် ချင်းလူငယ် ၃၀ ဦးတို့သည် ဘင်္ဂလာဒေ့ရှ် သို့
စစ်ပညာသင်ယူခဲ့ကြပြီး လက်နက်နှင့်အတူ ပြန်လည် ရောက်ရှိ လာကြကာ
အမျိုးသားရေး လှုပ်ရှားမှုကို ဆက်လက်ပြုလုပ်ခဲ့ ကြသည်။
၁၉၆၄ ခုနှစ်တွင် အိန္ဒိယဝန်ကြီးချုပ် Lal Bahadur Shastri သည်
မြန်မာနိုင်ငံသို့သွားရောက်ခဲ့ပြီး ဗိုလ်ချုပ်နေဝင်းနှင့်
အိန္ဒိယ-မြန်မာ နယ်စမ်ရှိ ပုန်ကုန်ထကြွသူများအရေးကို ဆွေးနွေးခဲ့ကြရာ
နှစ်နိုင်ငံ အတွင်း ခွဲထွက်ရေးလှုပ်ရှားမှု၊ တိုင်းပြည်ပြိုကွဲစေမည့်
လှုပ်ရှားမှု မှန်သမျှကို ပူးတွဲတားဆီးရန် သဘောတူခဲ့ကြသည်။
တွေ့ဆုံမှု အကျိုးဆက်အဖြစ် ဟရန်နောလ်၊ ဆွန်ခိုပေါင်၊ ဒမ်ကိုဟောက်၊ ရိုထန်
နင့် အခြားမျိုးချစ် ပုဂ္ဂိုလ်တို့ကို အိန္ဒိယအစိုးရမှ ဖမ်းဆီးပြီး
မြန်မာ ပြည်တွင်းသို့ လွဲပြောင်းပေးခဲ့ကြသည်။ ဆွန်ခိုပေါင်အား ၁၀ နှစ်၊
ဟရန်နောလ် နှင့် ဒမ်ကိုဟောက်တို့အား ၈ နှစ် အသီးသီး
ထောက်ဒဏ် ချမှတ်ခဲ့ကြသည်။ သို့ဖြင့် ဆွန်ခိုပေါင် ဦးဆောင်သော
ချင်းလက်နက်ကိုင် တော်လှန်ရေး မှေးမိန်သွားခဲ့သည်။
ပါလီမန်အမတ်ဟောင်း ဂျွန်မန်တလင်းနှင့် မျိုးချစ်လူငယ်တစ်တို့သည် ၁၉၆၉ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်လည်းကောင်း၊ ဝီလျှံ ဆာလျန်ဇမ် နှင့် မိုက်ကယ်လ်
မန်ခမ်းတို့သည် ၁၉၇၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် လည်းကောင်း
ထိုင်းနိုင်ငံသို့ အသီးသီး ရောက်ရှိခဲ့ပြီး ချင်း ဒီမိုကရေစီ ပါတီကို
ဖွဲ့စည်းခဲ့ကြသည်။ ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီလ တွင် ဂျင်မီ ဦးဆောင်သော
ဇိုမီးချင်း လွတ်မြောက်ရေး တပ်ဦးနှင့် ဆွေးနွေး ကာ နှစ်ပါတီစလုံးဖျက်သိမ်းပြီး
ညီညွှတ်သော ဇိုမီး ဒီမိုကရေစီ ပါတီကို ထူထောင်ခဲ့ကြသည်။ ထိုခဏတွင် ဂျင်မီသည်အဖွဲ့မှ ပြန်လည် နုတ်ထွက် သွားသဖြင့် ဖေဖော်ဝါရီလ ၂၈တွင်
ချင်းဒီမိုကရေစီ ပါတီအဖြစ် ပြန်လည် ဖွဲ့စည်းခဲ့ကြသည်။
ဥက္ကဋ္ဌအဖြစ်
ဂျွန်မန်တလင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဝီလျှံဆာလျန်ဇမ်၊
အထွေထွေ အတွင်းရေးမှူးအဖြစ် ပေါင်ကျောထော၊ ဘဏ္ဍာရေးမှူးအဖြစ် ဒေးဗစ်ထန်တို့က
ဦးဆောင်ခဲ့ကြသည်။ မတ် ၂၅ တွင် ဒေးဗစ်ထန် နုတ်ထွက် သွားသဖြင့် ၎င်းအစား
ဒေနီယဲလ်ထန်လျန်းအား ပြန်လည် အစားထိုး ခဲ့ကြသည်။
ထို့နောက် ၁၉၇၂ ခုနှစ် ဩဂုတ်လ (၂၄)ရက်နေ့ တွင် တော်လှန်ရေးရေး နယ်မြေရောက်
ချင်းအမျိုးသားများ စည်းဝေးခဲ့ ကြပြီး ချင်းလွတ်မြောက်ရေးတပ်မတော်ကို
တည်ထောင်ရန် ဆုံးဖြတ်ခဲ့ ကြကာ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီဌာနချုပ်
အနီးတွင် ဗိုလ်မှူး ဆာလျန်ဇမ် တောင်းဆိုချက်အရ စစ်ဦးစီးချုပ်တာဝန်ကို
ဗိုလ်မှူး ဆာလျန်ဇမ်အား ဂွန်မန်တလင်းမှ လိုလိုလားလား လွဲပေးခဲ့သည်။
၁၉၇၆ ခုနှစ် ဇန်နဝါရီလ (၁၄) ရက်နေ့တွင် ချင်းပြည်သို့ ချီတက်ရန်
ဗိုလ်မှူး ဆာလျန်ဇမ် ဦးဆောင်သော ချင်းတပ်မတော်သည် ဌာနချုပ်မှ
ရှမ်းပြည်ကိုဖြတ်ပြီး ၁၉၇၇ ခုနှစ် နွေဦးတွင် ကချင်ပြည်သို့ရောက်
ရှိခဲ့ ကြသည်။ ထိုမှတဆင့် နာဂတောင်တန်းကို ဖြတ်ပြီး မိုးရာသီတွင်
ချင်းပြည်အထိ လေသာတောင်တန်းကို ရောက်ရှိခဲ့ဩည်။ လေသာ တောင်တွင် မိုးဒဏ်၊
လေဒဏ်၊ အအေးဒဏ်ကို အလူးအလိမ့် ခံခဲ့ကြ သည်။
အစားအသောက်၊
ဆေးဝါးပြတ်လပ်မှုပြသာနာ အကြီးအကျယ် ရင်ဆိုင် ခဲ့ကြသည်။ ထုတ်လှိုင်ရွာသို့
ရိက္ခာသွားယူစဉ် ရန်သူ မဆလ သစ္စာခံ များနှင့်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ (၃)ဦး
ဒဏ်ရာရရှိခဲ့ကြသည်။ အခက် အခဲ မျိုးစုံဖြင့်ရင်ဆိုင်ခဲ့ရသော
ချင်းတပ်မတော် အင်အား(၂၀) တို့သည် ဗန်းသဲရွာတွင် မဆလထံ အညံ့ခံခဲ့ကြတော့သည်။
၎င်းတို့အား အမှုစီရင်ခြင်းမပြုပဲ တိုင်းမှူး ဗိုလ်မှူးချုပ်လှထွန်း၏
အမိန့်ဖြင့် ဗိုလ်ကြီး အေးမောင်(နအဖ ဒုတိယကာကွယ်ရေး ဦးစီးချုပ်ဖြစ်ခဲ့သူ) က
တန်းစီရပ်ခိုင်းပြီး အားလုံးပစ်သတ်လိုက်သည်။ အဆိုပါ ချင်းတပ်မတော် အင်အား
၁၂၀ အနက် ၄၆ ဦးသည် ကလေးမြို့ထောင်သို့ အပို့ခံရပြီး (၄)ဦး သည်
ဒဏရာရရှိခဲ့ကြသည်။ ကျန် ၄၀ ခန့်သည် လက်နက်ချ အသတ်ခံ ခဲ့ကြသည်။ သို့ဖြစ်
ချင်းလွတ်မြောက်ရေးတပ်မတော် ခေါ် ချင်းအမျိုး သား တပ်မတော်သည်လည်း
နလံမထူနိုင်ဖြစ် တော့်သည်။
၁၉၆၆ ခုနှစ် မတ်လ(၁)ရက်နေ့တွင် မီဇိုအမျိုးသား တပ်ဦးမှ လွတ်လပ် ရေး ကြေညာကာ
အိန္ဒိယအစိုးရအား တရားဝင် တော်လှန် ခဲ့ကြသည်။ မီဇိုအမျိုးသားတပ်ဦးသည်
အိန္ဒိယမြန်မာ နှစ်နိုင်ငံပူးတဲွ စစ်ဆင် မှုကြောင့် ၁၉၆၉ ခုနှစ်တွင်
ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ပြောင်းရွှေ့ ခဲ့ကြရာတွင်
ချင်းအမျိုးသားတစ်ချို့လည်း ပါဝင်ခဲ့ကြသည်။ အဆိုပါ ချင်းအမျိုးသား များက
ဇိုမီးလွတ်မြောက်ရေးတပ်ဦးကို ဖွဲ့စည်းခဲ့ကြသည်။ ဥက္ကဋ္ဌအဖြစ် တျာလ်ခါလ်၊
ဒုတိယဥက္ကဋ္ဌအဖြစ် ထောင်လွယ်၊ နိုင်ငံခြားရေး တာဝန်ခံ အဖြစ် ထောင်ဆိုင်တို့မှ
ဆောင်ရွက် သည်။
၁၉၇၂ ခုနှစ်တွင် တျာလ်ခါလ် နှင့် ဆွီတလိန်းတို့သည်
ကေအိုင်အေ ကချင်ထံ သို့ သွားရောက်တွေ့ဆုံခဲ့ကြပြီး ဇီုမီးတပ်အား
စစ်သင်တန်း ပေးရန် ဆွေးနွေးသဘောတူခဲ့ကြသည်။ သို့သော်
တော်လှန်ရေးခရီး မပေါက်မြောက်ခဲ့ပေ။
ချင်းအမျိုးသားတပ်ဦးကို ၁၉၈၈ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံ
မီဇိုရမ်ပြည်နယ် မြို့တော် အိုက်ဇောလ်တွင် ယခင် ဇိုမီးလွတ်မြောက်ရေးတပ်ဦးအား ချင်းအမျိုးသားတပ်ဦးအဖြစ် ပြောင်းလဲ မှည့်ခေါ်ခဲ့ကြသည်။ ဥက္ကဋ္ဌ အဖြစ်
တျာလ်ခါလ်၊ အထွေထွေ အတွင်းရေးမှူးအဖြစ် မန်ခုမ်တို့ တာဝန်ယူ ခဲ့ကြသည်။
၎င်းနှစ် နိုဝင်ဘာလတွင် အစည်းအဝေးပြုလုပ်ခဲ့ကြပြီး နိုထန်ကပ်အား
ကချင်လွတ်မြောက် ရေးအဖွဲ့ချုပ် ကေအိုအေနှင့် တွေ့ဆုံဆွေးနွေးရန်
ထိုင်းနယ်စပ် ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူဌာနချုပ်သို့
စေလွှတ်ခဲ့ကြသည်။ သို့ဖြင့် ကချင်ခေါင်းဆောင် ဘရန်ဆိုင်းနှင့်
တွေ့ဆုံ ခဲ့ကြပြီး ပူးတွဲစစ်ဆင်ရေး၊ စစ်သင်တန်းပေးရေးကိစ္စ
ဆွေးနွေး သဘော တူခဲ့ကြသည်။ နိုထန်ကပ်မှ တျာလ်ခါလ်ထံ ဥက္ကဋ္ဌနေရာ ပေးရန်
တောင်းဆိုခဲ့ရာ တျာလ်ခါလ်မှ နေရာဖယ်ပေးခဲ့သည်။
၁၉၈၈ ခုနှစ် မတ်လ မှ ဩဂုတ်လအတွင်း မြန်မာတပြည်လုံး
ဒီမိုကရေစီ အုံကြွမှုကြောင့် မဆလပါတီအစိုးရ အဆုံးသတ် သွားခဲ့ကြ သော်လည်း
စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်တပ်က နိုင်ငံတော် ငြိမ် ဝပ်ပိပြားမှု
တည်ဆောက်ရေးအဖွဲ့အမည်ဖြင့် နိုင်ငံတော်အာဏာကို ရယူခဲ့သည်။ ထို့ကြောင့်
ချင်းကျောင်းသား မျိုးချစ်လူငယ်များသည် စစ်အာဏာရှင် စနစ်ဖြုတ်ချရေး၊
ကိုယ့်ကံကျမ္မာ ကိုယ်ဖန်တီးခွင့် ရရှိ ရေးအတွက် တိုက်ပွဲ ဝင်ရန်
အိန္ဒိယနိုင်ငံသို့ လမ်းကြောင်းနှစ်ခုမှ ဝင်ရောက် လာကြ သည်။
အိန္ဒိယအစိုးရမှ
မီဇိုရမ်ပြည်နယ် ဆိုင်ဟား နှင့် ကျန်ဖိုင်မြို့များတွင်
ဒုက္ခသည်စခန်း ဖွင့်လှစ်နေရာ ချထားပေးခဲ့ သည်။ အဆိုပါ မျိုးချစ်လူငယ် များသည်
အမျိုးသားလှုပ်ရှားမှု ပြုလုပ်ရန် မြန်မာနိုင်ငံ ဒီမိုကရက်တစ် တပ်ဦး
(အနောက်ဘက်ခြမ်း)ကို ဖွဲ့စည်းခဲ့ကြသည်။ ထို့နောက်
ချင်းအမျိုးသား တပ်ဦးခေါင်းဆောင်များနှင့် ဆွေးနွေးမှုပြုလုပ်ကာ ၁၉၈၉
ခုနှစ် ဇန်နဝါရီလတွင် ဒီမိုကရက်တစ်တပ်ဦးအားဖျက်သိမ်းပြီး
ချင်း အမျိုးသား တပ်ဦးသို့ ပူးပေါင်းခဲ့ကြသည်။
၁၉၈၉ ခုနှစ် အောက်တိုဘာလတွင် တပ်ဦးအတွင်း စိတ်ဝမ်းကွဲမှု ဖြစ်ပွားကာ
နိုထန်ကပ်ဦးဆောင်သော အဖွဲ့နှင့် တျာလ်ခါလ် ဦးဆောင် သော အဖွဲ့ဟု
နှစ်ဖွဲ့ကွဲသွားခဲ့သည်။ အများစုသည် နိုထန်ကပ်အား ထောက်ခံ ခဲ့ကြသည်။
တျာလ်ခါလ် ဦးဆောင်သည့် အဖွဲ့သည် ချင်းလွတ် မြောက်ရေး ကောင်စီအဖြစ်
လှုပ်ရှားမှုပြုလုပ်ခဲ့သည်။ ချင်း လွတ်မြောက်ရေး ကောင်စီကို ရိုဇထန်မှ
ဦးဆောင်ခဲ့ပြီး ယခုအခါ မှေးမိန် သွားခဲ့ပြီးဖြစ်သည်။ ဥက္ကဋ္ဌ နိုထန်ကပ်သည်
ပါတီ စည်းကမ်း ချိုးဖောက်မှု ကြောင့် ၁၉၉၂ ခုနှစ် ဒီဇင်ဘာ(၉)ရက်နေ့တွင်
ဖယ်ရှားခြင်း ခံခဲ့ရသည်။
ရော်ဂျာ ဗျက်လျန်ထန် ဦးဆောင်သော
အမျိုးသား လုံခြုံရေး အရေးပေါ် ကော်မတီ က ပါတီတာဝန်အရပ်ရပ်ကို
ဆက်လက်တာဝန်ယူခဲ့သည်။
၁၉၉၃ ခုနှစ် ဇွနလ် ၉ ရက်နေ့မှစတင်ကျင်းပသော ချင်းအမျိုးသား တပ်ဦး၏
ပထမအကြိမ်ပါတီညီလာခံက ရော်ဂျာဗျက်လျန်ထန်အား ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊
ဒုတိယဥက္ကဋ္ဌအဖြစ် သော်မတ်ထန်နိုး အားလည်းကောင်း၊
အထွေထွေ အတွင်းရေးမှူးအဖြစ် ဘင်ဂျမင်သူရိန် အား လည်းကောင်း ရွေးချယ်ခဲ့ကြသည်။
ထိုနှစ် ဩဂုတ်လတွင် ပြည်သူ အတွင်းစည်းရုံးရေး
ကျယ်ကျယ် ပြန့်ပြန့်ပြုလုပ်ခဲ့ပြီး စစ်ဆင် ရေးများ တစ်ခုပြီး တစ်ခု
ဆင်နွဲလာခဲ့ကြသည်။ ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီ လ(၂၂)ရက် နေ့တွင် ကျင်းပသော
ပထမအကြိမ် ညီလာခံသက်တမ်း၊
တတိယအကြိမ် ဗဟိုကော်မတီအစည်းအဝေးက ဥက္ကဋ္ဌရော်ဂျာ
ဗျက်လျန်ထန်၏ ဥက္ကဋ္ဌမှ နုတ်ထွက်လွှာ တင်သွင်းမှုကို အတည်ပြု ပေးခဲ့ပြီး
ဖွဲ့စည်းပုံအရ သော်မတ်ထန်နိုးသည် ဥက္ကဋ္ဌနေရာကို တာဝန်ယူ ခဲ့သည်။
၁၉၉၇ ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၈ ရက်နေ့အထိ
ဒုတိယအကြိမ် ပါတီညီလာခံကို ဝိတိုရိယ စခန်းတွင်ကျင်းပခဲ့သည်။ ဥက္ကဋ္ဌအဖြစ်
သောမတ်ထန်နိုး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဇင်ကျုံး၊ အထွေထွေ အတွင်းရေးမှူး အဖြစ်
ဘင်ဂျမန်သူရိန်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး အဖြစ် ခွါအုပ်လျန်တို့အား
ရွေးချယ် ခဲ့ကြသည်။
ချင်းအမျိုးသားတပ်မတော်၏ ပထမဆုံးအကြိမ်တပ်မှူး ညီလာခံကို
၁၉၉၇ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဝိတိုရိယ စခန်းတွင် ကျင်းပခဲ့ရာ
တပ်ဦး၏ လမ်းညွှန်မှုကို ဦးထိပ်ထားကာ
အမျိုးသား လွတ် မြောက်ရေး အောင်ပွဲခံသည်အထိ ဒူးမထောက်၊ လက်မမြောက် စတမ်း
တိုက်ပွဲ ဝင်ရန် သန္နိဌာန် ချမှတ်ခဲ့ကြသည်။
ချင်းအမျိုးသားတပ်ဦး၏ တတိယအကြိမ်ညီလာခံကို ၂၀၀၃ ခုနှစ်
နိုဝင်ဘာလ အတွင်းကျင်းပရာ ဥက္ကဋ္ဌအဖြစ် သောမတ်ထန်နိုး၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် ဇင်ကျူံး၊ အထွေထွေအတွင်းရေးမှူးအဖြစ် ထန်ယဲန်း၊
တွဲဖက် အထွေထွေ အတွင်းရေးမှူးအဖြစ် ဒေါက်တာရွေခါးတို့အား ရွေးချယ် ခဲ့ကြသည်။
၂၀၀၅ ခုနှစ်တွင် အိန္ဒိယ မြန်မာနှစ်နိုင်ငံ ပူးတွဲ စစ်ဆင်ရေးကြောင့်
ဝိတိုရိယစခန်းကျဆုံးခဲ့ပြီးနောက် ချင်းအမျိုးသား တပ်မတော်သည် အိန္ဒိယ
မြန်မာနယ်စပ် တစ်လျှောက်တွင် ပြောက်ကျား စခန်းများ တည်ဆောင်ပြီး
ဆက်လက် လှုပ်ရှားနေခဲ့သည်။
ချင်းအမျိုးသားတပ်ဦး၏ စတုတ္ထအကြိမ်ပါတီညီလာခံကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင်
အိန္ဒိယ မြန်မာနယ်စပ် တနေရာတွင် ကျင်းပခဲ့ရာ ဥက္ကဋ္ဌ အဖြစ် ဇင်ကျူံး၊ ဥက္ကဋ္ဌ(၁)အဖြစ် ထန်နိုး၊ ဥက္ကဋ္ဌ (၂)အဖြစ် ထန်ယဲန်း၊ အထွေထွေ အတွင်းရေးမှူးအဖြစ်
ပေါလ်စမစ်၊ အတွင်းရေးမှူး (၁)အဖြစ် ဒေါက်တာရွှေခါး၊ အတွင်းရေးမှူး (၂)အဖြစ်
အိပ်ချ်စီ ရာလနှင်းတို့အား ရွေးချယ်ခဲ့ကြသည်။
ချင်းအမျိုးသားတပ်ဦးသည်
အမျိုးသားပြည်နယ်များကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး၊
ကိုယ့်ကံကြမ္မာ ကိုယ် ဖန်တီးခွင့် ပြန်လည်ရရှိရေး ရည်မှန်းချက်ဖြင့်
ယနေ့အထိ တော်လှန် တိုက်ပွဲဝင်နေဆဲဖြစ်သည်။
ချင်းလူမျိုးများသည် ပင်လုံစာချုပ်အားဖြင့် ၁၉၄၈ ခုနှစ်တွင် နယ်ချဲ့
ဗြိတိသျှလက်အောက်မှ လွတ်မြောက် ခဲ့ကြ သော်လည်း ဗမာလူကြီးဝါဒီတစု၏
အုပ်ချုပ်မှု အောက်သို့ ကရောက် ပြန်သောကြောင့် စစ်ရေး၊
နိုင်ငံရေးနည်းလမ်းများဖြင့် တော်လှန် တိုက်ပွဲ များ ဆက်လက် ဝင်ခဲ့ကြသည်။ ( ချင်းတော်လှန်ရေး ဝီကီမှ )