Thursday, February 10, 2022

ကရင့်တော်လှန်ရေးသမိုင်း အကျဉ်း

 

ကရင်လူမျိုးတွေဟာ ဖိနှိပ်ချုပ်ချယ်အုပ်စိုးမှု အောက်ကနေ လွတ်မြောက်ဖို့အတွက် ဘိုးဘွားတွေအနေနဲ့ ကိုလိုနီနယ်ချဲ့အစိုးရ အုပ်ချုပ်စဉ် ကတည်း က စတင်တော်လှန်ခဲ့ကြပါတယ်။ ရှေးဦး ပညာတတ် ကရင် ခေါင်းဆောင်ကြီးတွေ အနေနဲ့ ကရင်လူမျိုးတွေရဲ့ ကိုယ်ပိုင်ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ရဖို့ ကရင်အမျိုးသားအသင်း (KNA)၊ ဗုဒ္ဒဘာသာကရင်အမျိုးသား အသင်း (BKNA)၊ ကရင်ဗဟိုအဖွဲ့ချုပ် (KCO) နှင့် ကရင် လူငယ်အစည်းအရုံး (KYO) တွေ ကို ဖွဲ့စည်းတည်ထောင်ပြီး ရပ်တည် တောင်းဆိုခဲ့ကြပါတယ်။
 
၁၉၄၆ ခုနှစ် တွင် ကရင်အဖွဲ့အစည်းများ ဖြစ်တဲ့ ကရင်အမျိုး သားအသင်း (KNA) နှင့် ကရင်ဗဟိုအဖွဲ့ချုပ် (KCO) တို့ရဲ့ ခေါင်းဆောင် စောသာဒင်၊ စောဖိုးချစ်၊ ဆစ်ဒနီလူနီ နှင့် စောဘဦးကြီး တို့ ဟာ အင်္ဂလန်ပြည် ကို သွားရောက်ပြီး ကရင်ပြည်ရရှိဖို့ တောင်းဆို ခဲ့ကြပါတယ်။
 
ကရင်ပြည် ရရှိဖို့ တောင်းဆိုတိုက်ပွဲဝင်ခြင်း အတွက် ကရင် အဖွဲ့အစည်းကြီး (၄) ဖွဲ့ ရဲ့ ခေါင်းဆောင်တွေကနေ ကရင် အဖွဲ့အစည်းကြီး တစ်ခုတည်း ရှိမယ်ဆိုရင် အမျိုးသားနိုင်ငံရေးအရ ပိုမိုလွှမ်းခြုံလာစေဖို့ ရည်ရွယ်ပြီး ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၅ ရက် နေ့ မှာ ကရင်အမျိုးသားအသင်း (KNA)၊ ဗုဒ္ဒဘာသာကရင်အမျိုးသား အသင်း (BKNA)၊ ကရင်ဗဟိုအဖွဲ့ချုပ် (KCO) နှင့် ကရင် လူငယ်အစည်းအရုံး (KYO) တွေ ကို ပေါင်းစည်းပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ကို စတင်တည်ထောင်ခဲ့ပါတယ်။ မြန်မာပြည် တွင်း ကို ဖက်ဆစ် ဂျပန်များ ဝင်ရောက်လာချိန် ဂျပန် တပ်များ နှင့် ဗမာ့လွတ်လပ်ရေးတပ်မတော် BIA တို့ ပူးပေါင်းပြီး ကရင် လူမျိုးတွေကို နှိပ်စက်အနိုင်ကျင့် သတ်ဖြတ်ညှင်းဆဲ ခဲ့ကြပါတယ်။
 
ကရင်အမျိုးသားအစည်းအရုံး ရဲ့ ရုန်းကန်လှုပ်ရှားမှုတွေကို အထောက်အကူ ဖြစ်ဖို့ နှင့် ကရင်လူမျိုးတွေရဲ့ လူမှုဘဝ ရှင်သန်ရပ်တည်မှု ကို လုံခြုံစေဖို့ အင်္ဂလိပ်တပ်ရဲ့ လက်အောက်ခံတပ်တွေ ဖြစ်ခဲ့ကြတဲ့ ကြည်း၊ ရေ၊ လေ နှင့် အခြား တပ်ခွဲတွေ က ကရင်တပ်သားတွေကို ပြန်လည် စုပေါင်းပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) ကို ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၆) ရက်နေ့ မှာ စနစ်တကျ ဖွဲ့စည်း တည်ထောင်ခဲ့ပါတယ်။
 
၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄)ရက် နေ့ မြန်မာပြည် လွတ်လပ်ရေး ရပြီး နောက်ပိုင်း ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင် တွေ ဟာ ဖဆပလ အစိုးရ ဆီကို သွားပြီး ကရင်ပြည် တောင်းဆို ခဲ့ကြပါတယ်။ ဖဆပလ အစိုးရ က ငြင်းတဲ့အပြင် ကရင်လူမျိုး တွေကို ကဲ့ရဲ့ရှုံ့ချ ခဲ့ပါတယ်။ ကရင်လူမျိုးဆိုတာ ငြိမ်းချမ်းခြင်း ကို မြတ်နိုးသူတွေ ဖြစ်လို့ ငြိမ်းချမ်းသော နည်းလမ်းနဲ့ပဲ ကရင်ပြည် ရရှိဖို့ ကြိုးစားရုန်းကန်ကြမှာ ဖြစ်ပါတယ်။ 
 
ဒါကြောင့် ကေအဲန်ယူ နှင့် ကေအဲန်ဒီအို တို့မှ ကရင်ပြည်သူလူထု (၄) သိန်းကျော် ကို ဦးဆောင်ပြီး မြို့လမ်းမ များပေါ်မှာ ငြိမ်ချမ်းစွာ ဆန္ဒဖော်ထုတ် ခဲ့ကြ ပါတယ်။ ဒီ ဆန္ဒဖော်ထုတ်ခြင်း ကို အယဉ်ကျေးဆုံးနှင့် စည်းကမ်း အရှိဆုံး စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခြင်း အဖြစ် ကမ္ဘာမှ အသိအမှတ်ပြုခဲ့ပါတယ်။ အဆိုပါ ဆန္ဒဖော် ထုတ်ခြင်းမှာ ကရင်လူမျိုးတွေ လိုလားတဲ့ အချက် (၂)ချက် ဖြစ်တဲ့ ကရင်ပြည်ချက်ချင်းပေး၊ ကရင် တစ်ကျပ် ဗမာ တစ်ကျပ် ချက်ချင်းပြ နှင့် မလိုလားတဲ့ အချက်(၂)ချက် ဖြစ်တဲ့ လူမျိုးရေး အဓိကရုဏ်း အလို မရှိ၊ ပြည်တွင်းစစ် အလိုမရှိ တို့ကို ကြွေးကြော်ခဲ့ ပါတယ်။ 
 
ဖဆပလ အစိုးရ က အလေးမထားတဲ့အပြင် အစိုးရလက်အောက်ခံ ဗမာ့တပ်မတော် ဟာ ကရင်ကျေးရွာ တွေကို မီးရှို့ခြင်း၊ ကရင်ရွာသူရွာသားတွေကို နှိပ်စက်သတ်ဖြတ်ခြင်း များ ကို ပြုလုပ်လာခဲ့ပါတယ်။ တချိန်တည်းမှာ ဖဆပလ အစိုးရ က ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO) ကို မတရားအသင်း အဖြစ် ၁၉၄၉ ခုနှစ် ဇန်နဝါရီလ (၃၀) ရက် နေ့ မှာ ကြေညာ ခဲ့ပါတယ်။ 
 
အဲလို ကြညာပြီး နောက်တစ်ရက် မှာပဲ ကရင်အမျိုးသား ခေါင်းဆောင်တွေ နေထိုင်တဲ့ ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ ဌာနချုပ် (အင်းစိန်) ကို စီးနင်းတိုက်ခိုက်လာတဲ့ အတွက် လက်နက် ကိုင်တိုက်ခိုက်ခြင်း ကို ရှောင်လွဲလို့ မရတော့ဘဲ ၁၉၄၉ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့ မှာပဲ လက်နက်ကိုင် တော်လှန်ရေး ကို စတင် ခဲ့ရပါတော့တယ်။
 
ကရင့်တော်လှန်ရေး မျှော်မှန်းချက် ကတော့ - ကရင်အမျိုးသားများသည် လူမျိုး တစ်မျိုး၏ လက္ခဏာ နှင့် ဂုဏ်သိက္ခာ ပြည့်ဝသော အေးချမ်းသာယာပြီး လွတ်လပ်သော အခွင့်အရေး အပြည့်အဝရှိခြင်း၊ ခေတ်နှင့်အညီ ခေတ်မီ ဖွံ့ဖြိုးတိုးတက်စေခြင်းကို ရရှိပိုင်ဆိုင်ရန် ဖြစ်ပါတယ်။
 
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ရဲ့ ရည်ရွယ်ချက် ကတော့ -
၁) ကရင်အမျိုးသားများအတွက် တရားမျှတသော အကျယ်အဝန်း ရှိ၍ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိသည့် ကော်သူးလေ (ခေါ်) ကရင်ပြည် (ဝါ) ကရင်ပြည်နယ် ကို ထူထောင်ရန်
၂) အမျိုးသားတန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ကို နိုင်ငံရေးအရ ရရှိ ပိုင်ဆိုင်ရန်၊
၃) ဒီမိုကရေစီ အခွင့်အရေး အပြည့်အဝ ရှိသည့် ပြည်နယ် ပေါင်းစု ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်၊
၄) ကရင်အမျိုးသားများ အပါအဝင် တိုင်းရင်းသားလူမျိုးအားလုံး ဒီမိုကရေစီ အခွင့်အရေး ကို အပြည့်အဝ ရယူခံစားနိုင်ရန် .. တို့ ဖြစ်ပါတယ်။
ဥက္ကဋ္ဌစောဘဦးကြီး ၏ မူ(၄)ရပ် ဖြစ်တဲ့ ကရင့်တော်လှန်ရေး ခံယူချက်များ ကတော့ -
၁) လက်နက်ချစကား အလျဉ်းမပြောရ။
၂) ကရင့်လက်နက် ကရင့်လက်ထဲတွင် ရှိရမည်။
၃) ကရင်ပြည်အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည်။
၄) ကရင့် နိုင်ငံရေးကံကြမ္မာ ကရင်ဖန်တီးရမည်။ .. ဖြစ်ပါတယ်။
 
ကရင်တမျိုးသားလုံး ၏ စံ၊ တန်ဖိုး တွေကတော့
- တည်ငြိမ်အေးချမ်းခြင်း
- ငြိမ်းချမ်းသာယာခြင်း
- စည်းလုံးညီညွတ်ခြင်း
- လွတ်မြောက်ခြင်း
- ရိုးသားခြင်း
- ဧည့်ဝတ်ပျူငှာခြင်း
- သာယာဝပြောခြင်း
- ရိုးရာဓလေ့ထုံးတမ်းမြတ်နိုးခြင်း
- တန်းတူညီမျှခြင်း
- ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးကို မြတ်နိုးခြင်း
- လွတ်လပ်ခြင်း
- ဒီမိုကရေစီပြည့်စုံခြင်း .. တို့ ဖြစ်ပါတယ်။
 
ကရင့်အမျိုးသားပန်းတိုင် ကို ရောက်ရှိဖို့ ခေါင်းဆောင်တွေ၊ ရဲဘော်တွေ၊ မိဘပြည်သူ အများအပြား ရဲ့ ခန္ဓာ၊ အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့တာဟာ တော်လှန်ရေးကာလ တလျှောက်လုံးပဲ ဖြစ်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေး တလျှောက်လုံးမှာ ရန်သူ ကနေ အစီအစဉ်ကြီးငယ်အမျိုးမျိုး နဲ့ ကရင်လူမျိုး ပျောက်ကွယ်သွား ရန်လုပ်ဆောင်ခဲ့ပါတယ်။
 
ကရင့်တော်လှန်ရေး ကာလအတွင်း တိုက်ပွဲကြီးတွေ အနေနဲ့
- ကော်မူးရာ တိုက်ပွဲ
- နတ်အိမ်တောင် တိုက်ပွဲ
- မဲသဝေါတိုက်ပွဲ
- မော်ဖိုးကေ တိုက်ပွဲ
- ထီးမူးခီးတိုက်ပွဲ
- မယ်လတိုက်ပွဲ
- ဖလူးဂိတ်တိုက်ပွဲ
- ကတိုင်ထိတိုက်ပွဲ
- စောထာဂိတ်တိုက်ပွဲ
- ထွီဖားဝီးကျိုး(ခွေးအိပ်တောင်)တိုက်ပွဲ
- ယွားဟေလူတိုက်ပွဲ
- နော်တ တိုက်ပွဲ
- မဲတရိတိုက်ပွဲ နှင့်
တပ်မဟာ(၇)ခု အတွင်း အခြားသော တိုက်ပွဲငယ်များ အများအပြားရှိခဲ့ပါတယ်။ ဤသို့ဖြင့် တိုက်ပွဲကြီး ၊ တိုက်ပွဲငယ် ထောင် သောင်းချီ ရှိခဲ့ပြီ ဖြစ်ပါတယ်။
 
တော်လှန်ရေး တလျှောက်လုံး မှာ ကရင့်တော်လှန်ရေး ပြိုကွဲဖို့ နှင့် အားလျော့သွားဖို့ ရန်သူကနေ လှည့်ကွက်အမျိုးမျိုး နည်းလမ်းအမျိုးမျိုး ဖြင့် လုပ်ဆောင်လာခဲ့ပါသည်။ အချို့ တော်လှန်ရေးသမား တွေကတော့ ရန်သူ့ လှည့်ကွက်ထဲကို ကျရောက်ခဲ့ကြပြီး တော်လှန်ရေးကို ပြန်လည် သစ္စာဖောက် ခဲ့ကြ ပါတယ်။
 
ကရင့်တော်လှန်ရေး နယ်မြေထဲမှာ ရှိတဲ့ မိဘပြည်သူတွေ အနေနဲ့ စစ်ပွဲစစ်ဒဏ်တွေ ကြောင့် နေရပ်စွန့်ခွာပြီး တိုင်းတပါး မှာ ခိုလှုံနေရတဲ့ ဒုက္ခသည် ဦးရေ (၂)သိန်း ကျော်ရှိနေပြီး ရွှေ့ပြောင်းဒုက္ခသည် များ အဖြစ် တော၊ တောင်ထဲမှာ (၁) သိန်းကျော် ခန့် ပုန်းရှောင် နေကြရပါတယ်။ ထို့အတူပဲ ပြည်တွင်း၊ မြို့ရွာ တွေမှာ ရန်သူရဲ့ အနိုင်ကျင့် ဖိနှိပ် စိုးမိုးအုပ်ချုပ်ခြင်းများ ကို ခံနေကြ ရတာလည်း ရှိပါတယ်။ ကရင့်တော်လှန်ရေး ဌာနချုပ် တစ်ကြိမ် ကျဆုံးခဲ့ပြီးနောက်မှာ ပြည်တွင်း ကရင်လူမျိုးများ နှင့် ဝေးကွာခဲ့ရပြီး ဆက်သွယ်မှုတွေ မပြုလုပ်ရဲ ကြတော့ပါဘူး။
 
ကရင့်တော်လှန်ရေးတလျှောက် မှာ ကရင်အမျိုးသမီးအစည်းအရုံး၊ ကရင်လူငယ်အစည်းအရုံး၊ ကရင်လူမှု အခြေပြုအဖွဲ့အစည်းတွေ၊ တော်လှန်ရေးနယ်မြေထဲမှာ ရှိတဲ့ မိဘပြည်သူတွေ၊ ဒုက္ခသည်စခန်းမှာ ရှိတဲ့ မိဘပြည်သူတွေ၊ နိုင်ငံတကာရောက် ကရင်လူမျိုးတွေ စသည်ဖြင့် အသီးသီး ကနေ ထောက်ပံ့ဝန်းရံ ကူညီခဲ့ကြပါတယ်။ ဒါပေမယ့် ပြည်တွင်း (မြို့ရွာများ) မှ ကရင်မိဘပြည်သူတွေ အနေနဲ့ မတရားသော ဥပဒေတွေနဲ့ ဖိနှိပ်အုပ်ချုပ်ခံ ထားရတံ အတွက် ပေါ်ပေါ်ထင်ထင် ဆက်သွယ်မှုတွေ မရှိခဲ့တော့ပါ။
 
မြန်မာနိုင်ငံရဲ့ အခက်အခဲပြဿနာ ဟာ နိုင်ငံရေးပြဿနာ ဖြစ်တဲ့အတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အနေနဲ့ နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးစား နည်းလမ်း ဖွေရှာခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာဖို့ အခွင့်အရေး မရရှိခဲ့ ပေ။၂၀၁၀ ခုနှစ် ဦးသိန်းစိန် အစိုးရ အနိုင်ရပြီး အုပ်ချုပ်တဲ့ ကာလမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နှင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲတွေ ကျင်းပပြုလုပ်ပြီး နိုင်ငံရေး ပြဿနာ တွေကို ဖြေရှင်းဖို့ ကြေညာခဲ့ပါတယ်။ 
 
ဒါကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အနေနဲ့ ယာယီ အပစ်အခတ်ရပ်စဲခြင်း ကို ၂၀၁၂ ခုနှစ် တွင် ပြုလုပ်ပြီး ၂၀၁၅ ခုနှစ် မှာ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် ကို သဘောတူ လက်မှတ် ထိုးခဲ့ပါတယ်။
 
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အား မတရားအသင်း ကနေ ပယ်ဖျက်လိုက်တဲ့အတွက် ပြည်တွင်း မြို့ရွာ တွေမှာ နေထိုင်တဲ့ ကရင်လူမျိုးများ နှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တို့ ပွင့်လင်း မြင်သာစွာ ပြန်လည် တွေ့ဆုံ လာနိုင်ခဲ့ပါတယ်။
 
ကေအဲန်ယူ ခေါင်းဆောင်များ အနေနဲ့လည်း ပြည်တွင်း ကရင်လူမျိုးများ နေထိုင်ရာ နေရာ အနှံ့အပြားသို့ သွားရောက်ပြီး ကေအဲန်ယူ ရဲ့ တော်လှန်ရေး ရုန်းကန်လှုပ်ရှားမှုသမိုင်းကြောင်းတွေ၊ ကေအဲန်ယူ-ကရင် အမျိုး သားအစည်းအရုံး ရဲ့ အကြောင်းတွေ ကို ရှင်းလင်း ပြောကြားခွင့် ရခဲ့ပါတယ်။
 
ကရင့်တော်လှန်ရေး ဖြတ်သန်းမှု ထဲမှာ လက်နက်ကိုင်တိုက်ပွဲ ၆၆ နှစ် ခန့် နှင့် နိုင်ငံရေးတိုက်ပွဲ ၄ ကျော် ရှိခဲ့ပြီ ဖြစ်ပါတယ်။ တော်လှန်ရေး ရုန်းကန် လှုပ်ရှားမှု တလျှောက်လုံး အနေဖြင့် ယခု ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့ တွင် နှစ် (၇၀) ပြည့် ခဲ့ပြီ ဖြစ်ပါတယ်။

No comments:

Post a Comment

LAI HOLH