Monday, January 31, 2022

ဒုဗိုလ်မှူးကြီး ဆွန်ခိုပေါင် ( Part 2)

 ချင်းသေနတ်ကိုင်တပ်ရင်းများ ဖွဲ့စည်းခြင်း

ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်ပွားလာသောအခါ ဗြိတိသျှစစ်တပ်သည် ချင်းတောင်မှ တပ်သားများ ထပ်မံစုဆောင်းရင်း Chin Levies တပ်ရင်းများ ဖွဲ့စည်းလာခဲ့သည်။ ချင်းတောင်တပ်ရင်း နှင့် Chin Levies တပ်ရင်းတို့သည် ဒုတိယကမ္ဘာစစ်ကြီးတွင် မြန်မာပြည်မှ ဖက်ဆစ်ဂျပန်တို့အား တိုက်ထုတ်ရာတွင် အရေးပါသည့်တပ်ရင်းများဖြစ်ကြသည်။ စစ်ကြီးပြီးဆုံးသွားသောအခါ Chin Levies မှတပ်သားများ နှင့် အသစ်တပ်မံစုစောင်းထားသည့် တပ်သားများပေါင်းပြီး ချင်းတပ်ရင်း များ ပြန်လည် ဖွဲ့စည်းခဲ့ကြသည်။ 

၁၉၄၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ချင်းသေနတ်ကိုင်တပ်ရင်း (၁) ဖွဲ့စည်းရန် Lt.Col. Ruffell နှင့် Lt.Col. Beeche မှတာဝန်ယူဆောင်ရွက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ချင်းသေနတ်ကိုင်တပ်ရင်း (၂) ဖွဲ့စည်းရန်အမိန့်ထုတ်ခဲ့ကြသည်။ Burma Frontier Force မှာတာဝန်ထမ်းဆောင်သူ Chin Levies နှင့်အတူ တာဝန်ထမ်းဆောင်ခဲ့သည့် Major A.R.G Baker မှ တပ်ရင်း (၂) ဖွဲ့စည်းရေးကို တာဝန်ယူဆောင်ရွက်ခဲ့ပြီး တပ်ရင်းသည် ၁၉၄၅ ဒီဇင်လာလတွင် တာဝန်ထမ်းဆောင်ဖို့ အသင့်ပြင်ဆင်ရန်ဖြစ်သည်။ ၁၉၄၈ ဧပြီလ ၃ ရက်နေ့တွင် တီးတိန်မြို့၌ Lt.Col. N.W.Kelly, Major Baker နှင့် တီးတိန်နယ်မှ တိုက်သူကြီး၊ ရွာသူကြီးများ တပ်သားသစ်များ စုစောင်းရေးအတွက် အစည်းအဝေးပြုလုပ်ခဲ့ကြသည်။ 

ကမ်ဟောင်တိုက်သူကြီးမှ တပ်သားသစ် ၄၇၀၊ စုတ်တဲတိုက်သူကြီးမှ တပ်သားသစ် ၁၉၀၊ နှင့် စီးယင်းတိုက်သူကြီးမှ တပ်သားသစ် ၉၀ စုဆောင်းရန် သဘောတူခဲ့ကြသည်။ တိုက်သူကြီးများမှ ပြန်လည် တောင်းခံသည်မှာ မိမိတို့အနေဖြင့် ချင်းတပ်ရင်းရှိလာမည်ကို ကြိုက်နှစ်သက် ကြကြောင်း၊ တပ်ရင်းကိုလည်း ချင်းလူမျိုးများကသာဦးစီးစေလိုကြောင်း၊ တပ်ရင်းရာထူးတိုး ရာတွင်လည်း စစ်မှုထမ်းဟောင်း တို့ထံမှ ၅၀% နှင့် အခုအသစ်စုဆောင်းထားတဲ့သူများထဲမှ ၅၀% စသည်ဖြင့် မျှမျှတတ ရာထူးတိုးပေးရန် တောင်းခံခဲ့ကြသည်။ 

တိုက်သူကြီးများဘက်မှထပ်မံတောင်းခံသည်မှာ Hau Za Lian (Chief of Suangzang) ကို Sudebar ရာထူးခန့်အပ်ရန်၊ သူ့လက်ထောက်အတွက် Hav/Clerk Tual Khen Pau အားခန့်ထားရန် နှင့် Havildar Khan Nen Pau, Havildar Chin Za Dal နှင့် Havildar Thawng Za Khen (Mualbem) တို့အား Jemadars ရာထူးများဖြင့် ခန့်အပ်ပေးရန် ဖြစ်သည်။ 

ဗြိတိသျှအရာရှိများမှလည်း အစည်းအဝးအတွင်း ချက်ချင်း သဘောတူခဲ့ကြသည်။ ထိုသို့တိုက် သူကြီးများမှလည်း တပ်သားသစ်များ အလွယ်တစ်ကူစုဆောင်းနိုင်ခဲ့ကြပြီး ဗြိတိသျှ တပ်မတော်အောက်တွင် အမှုထမ်းခဲ့သည့် ချင်းတပ်သား၊ အရာရှိများပူးပေါင်းပြီး ၁၉၄၅ သြဂုတ်လမှစတင်ကာ တပ်ရင်းတစ်ရင်း၊ အမှတ် (၂) ချင်းသေနတ်ကိုင်တပ်ရင်း ဖြစ်လာခဲ့သည်။ 

Burma Frontier Force အောက်၌ တပ်ရင်းတစ်ရင်း အဖြစ်ရပ်တည်လာပြီးနောက် ရေစကြို၊ ထိုမှတစ်ဆင့် ၁၉၄၅ နှစ်ကုန်ပိုင်းတွင် ရွှေဘိုသို့ စခန်းချခဲ့ကြသည်။ ၁၉၄၅ နှစ်ကုန်ပိုင်းအထိ တပ်ရင်းမှ ချင်းလူမျိုးအထင်ကရအရာရှိများမှာ ဗိုလ်မှူးဟရန်ထီးယိုး၊ ဗိုလ်မှူးဒါလ်ဇာကာမ် နှင့် ဗိုလ်မှူးလျန်ကျင်ဇမ်တို့ဖြစ်ကြသည်။ 

၁၉၄၆ နှစ်တစ်ခုလုံး လေ့ကျင်ရေးဆင်နွှဲခဲ့ကြပြီး ၁၉၄၇ နှစ်ဦးပိုင်းတွင် ရွှေဘိုမှ မင်္ဂလာဒုံသို့ ပြောင်းရွှေ့ခဲ့သည်။ ထိုအချိန်တပ်ရင်း ဦးဆောင်သူမှာ Lt.Col. C.S.Sullivan ဖြစ်သည်။ သူသည် ၁၉၄၅ မေလတွင် ကွယ်လွန်ခဲ့ပြီး Lt.Col. Allen မှသူ့အားအစားထိုးခဲ့သည်။ ၁၉၄၇ နှစ်ကုန်ပိုင်းတွင် ဗိုလ်မှူးဒါလ်ဇာကာမ်အား ဒု-ဗိုလ်မှူးကြီး အဖြစ်သို့ရာထူးတိုးပြီး တပ်ရင်း (၂)၏ တပ်ရင်းမှူးဖြစ်လာခဲ့သည်။ ဗိုလ်မှူး ဆွန်ခိုပေါင်သည် ဒုတပ်ရင်းမှူးဖြစ်လာခဲ့သည်။

Officers of the 2nd Chin Rifle

၁၉၄၅ ခုနှစ် ဂန္ဒီစာချုပ်

၁၉၄၅ ခုနှစ်တွင် ဗမာ့တပ်မတော်၏ အနာဂတ်နှင့် စပ်လျဉ်းပြီး ဆွေးနွေးရန် သီရိလင်္ကာ၊ ကန်ဒီမြို့၌ ကန်ဒီကွန်ဖရင့်တရပ် ကျင်းပခဲ့သည်။ ဗမာအမျိုးသားတပ်မတော် (BNA) နှင့် ဗြိတိသျှတို့လက်အောက်တွင် သစ္စာရှိစွာ အမှုထမ်းခဲ့သော တိုင်းရင်းသားစစ်တပ်များအား ပူးပေါင်းပြီး ခေတ်သစ်ဗမာ့တပ်မတော် ဖွဲ့စည်းရန် သဘောတူခဲ့ကြသည်။ ပြန်လည်ဖွဲ့စည်းသော ဗမာ့တပ်မတော်တွင် အရာရှိ ၂ဝဝ နှင့် အခြား စစ်သည် ၅၂ဝဝ ပါဝင်သော သေနတ်ကိုင်တပ်ရင်း (၁၅) ခု ပါဝင်ခဲ့သည်။ 

ထို သေနတ်ကိုင်တပ်ရင်း (၁၅) ခုှတွင် ဗမာ့သေနတ်ကိုင်တပ်ရင်း (၆) ခု၊ ချင်းသေနတ်ကိုင် တပ်ရင်း (၂) ခု၊ ကချင်သေနတ်ကိုင်တပ်ရင်း (၂) ခု နှင့် ချင်းတောင်တပ်ရင်း (တင့်ကား ဖျက်တပ်ရင်း)၊ ကရင်သေနတ်ကိုင်တပ်ရင်း (၃) ရင်း နှင့် ဗမာတပ်မတော်အမှတ် (၄) (ဂေါ်ရခါး) တပ်တို့ ပါဝင်ခဲ့သည်။ ဗိုလ်မှူး ဆွန်ခိုပေါင် သည် အသစ်ပြန်လည်ဖွဲ့စည်းထားသော ဗမာ့ တပ်မတော်အတွင်းရှိ ချင်းသေနတ်ကိုင်တပ်ရင်း (၂)တွင် ဒုတပ်ရင်းမှူး အဖြစ်တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

၁၉၄၈ ခုနှစ် မြန်မာပြည် လွတ်လပ်ရေးရသောအခါ ဗိုလ်မှူး ဆွန်ခိုပေါင် သည် ဒုဗိုလ်မှူးကြီး အဖြစ် ရာထူးတိုးမြှင့်ခြင်းခံခဲ့ရပြီး၊ ချင်းသေနတ်ကိုင်တပ်ရင်း (၂) ၏ တပ်ရင်းမှူး ဖြစ်လာခဲ့သည်။ ချင်းသေနတ်ကိုင် တပ်ရင်း (၂) မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး Dal Za Kam သည်လည်း ဗိုလ်မှူးကြီး (Colonel) အဖြစ် ရာထူးတိုး မြှင့်ခြင်းခံရပြီး ဗမာ့တပ်မဟာ အမှတ် (၂) တွင် ဗျူဟာမှူး (Tactical Commander) ဖြစ်လာခဲ့ပြီး Tactical Headquarter ပဲခူးသို့ တာဝန်ထမ်းဆောင်ခဲ့သည်။ ချင်းလူမျိုးများထဲတွင် ပထမဆုံး ဗိုလ်မှူးကြီးရာထူး ရရှိသူဖြစ်သည်။ ဒုဗိုလ်မှူးကြီး ဆွန်ခိုပေါင် သည် ဒုဗိုလ်မှူးကြီးအဖြစ် ရာထူးတိုးခံရပြီး ချင်းသေနတ်ကိုင်တပ်ရင်း (၂) အား ဦးဆောင်ကွပ်ကဲသည့်အချိန်တွင် သူသည် အသက် ၂၇ နှစ်သာရှိသေးသည်။

Lt.Col Son Kho Pau with with Officers from Chindit Force

ရောင်စုံသူပုန်ခေတ် မှ ပြည်တွင်းစစ်ကြီးသို့

၁၉၄၈ ခုနှစ် မှစ၍ လွတ်လပ်စ ပြည်ထောင်စု မြန်မာနိုင်ငံသည် တည်ငြိမ်အေးချမ်းမှုမရှိဘဲ လူမျိုးစု အရေး နှင့် နိုင်ငံရေး အယူအဆရေးရာ ပဋိပက္ခပေါင်းစုံ တို့နှင့် ရင်ဆိုင် ခဲ့ရသည်။ ကရင်၊ မွန်၊ ရခိုင် တိုင်းရင်းသား များအတွက် တိကျသော နယ်နိမိတ်များ သတ်သတ်မှတ်မှတ် မရှိသေး သဖြင့် နိုင်ငံတော်အစိုးရ အတွက် ယင်း နယ်နိမိတ်ပြဿနာ များဖြေရှင်းရန် အတွက် တာဝန်ပိလျက်ရှိခဲ့သည်။ ဗမာပြည်လွတ်လပ်ရေး ရ ပြီးစ အချိန်တွင် လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်သော Karen National Defence Organization (KNDO), မွန်အမျိုးသား ကာကွယ်ရေးအဖွဲ့ (MNDO), ကွန်မြူနစ် (အလံနီတပ်)၊ ရခိုင်ကွန်မြူနစ်၊ မူဂျာဟစ်များ စသည်ဖြင့် မြန်မာ ပြည်ဒေသအသီးသီးတွင် ဗဟိုအစိုးရကို ပုန်ကန်ခြားနားကာ လက်နက်ကိုင် လှုပ်ရှား နေကြပြီ ဖြစ်သည်။ 

အာဏာရ ဖ.ဆ.ပ.လ အစိုးရ အတွင်းမှာပင် နိုင်ငံရေးအယူအဆ အမျိုးမျိုး ကွဲလွဲနေကြချိန်ဖြစ်သည်။ ၁၉၄၆တွင် ကွန်မြူနစ်ပါတီ (ဗမာပြည်) အတွင်း သခင်သန်းထွန်း ဦးဆောင်သော အလံဖြူနှင့် သခင်စိုး ဦးဆောင်သော အလံနီဟူ၍ နှစ်ခြမ်းကွဲခဲ့သည်။ အလံဖြူသည် ဖဆပလ အဖွဲ့ဝင် အဖြစ်ဆက်လက် ရပ်တည်ခဲ့ ပြီး၊ အလံနီမှာမူ ၁၉၄၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အစိုးရအား ပုန်ကန်ကာ တောခိုခဲ့သည်။ သခင်သန်းထွန်း ဦးဆောင်သော အလံဖြူမှာ ဖဆပလ အတွင်းရှိ အကြီးအကဲများနှင့် ဆက်ဆံရေး ပိုမိုဆိုရွားလာခဲ့ပြီး ၁၉၄၈ ခုနှစ်မတ်လတွင် တောခိုသွားခဲ့ပြန်သည်။ 

ကွန်မြူနစ်တို့ တောခိုကြသောအခါ ကွန်မြူနစ်အပေါ် သံယောဇဉ် ရှိကြသော ပြည်သူ့ ရဲဘော်များလည်း တလှုပ်လှုပ်တရွရွ ဖြစ်လာကြသည်။ ၁၉၄၅ ကန်ဒီစာချုပ်အပြီးတွင် Burma National Army မှတပ်သား ၃၅၆၁ ဦးသည် ဗြိတိသျှတို့ဖွဲ့စည်းထားသော ခေတ်သစ် ဗမာ့တပ်မတော်တွင် ပါဝင်ခြင်းမရှိဘဲ ကနဦးပိုင်းတွင် စစ်မှုထမ်း ဟောင်း အသင်းအဖြစ်၎င်း၊ နောက် ပိုင်းတွင် ပြည်သူ့ရဲဘော်တပ်ဖွဲ့ (People Volunteer Army) အဖြစ် ဗိုလ်ချုပ် အောင်ဆန်းမှဖွဲ့စည်းခဲ့သည်။ 

ဖဆပလ အဖွဲ့ အတွင်းမှာတင် ဗမာ ဆိုရှယ်လစ်ပါတီ နှင့် ပြည်သူ့ရဲဘော်တပ်ဖွဲ့ တို့၏ ပဋိပက္ခ သည် ထိပ်ဆုံးသို့ရောက်ရှိခဲ့သည်။ ထိုကြောင့် ကွန်မြူနစ် များနှင့် ညီညွတ်ရေး ပြန်လည် တည်ဆောက်ရန်အတွက် လက်ဝဲညီညွတ်ရေး အတွက် ဖဆပလ၊ ပြည်သူ့ရဲဘော် နှင့် ဆိုရှယ်လစ် တို့ကကြိုးပမ်းခဲ့ ကြသော်လည်း မအောင်မြင်ခဲ့ပေ။ နောက်ဆုံးတွင် ပြည်သူ့ရဲဘော်တပ်ဖွဲ့သည် နှစ် ခြမ်းကွဲ ခဲ့ကြပြီး ရဲဘော်ဖြူသည် ကွန်မြူနစ်ပါတီနှင့် ပူးပေါင်းကာ တောခိုခဲ့ကြသည်။ ကျန်ပြည်သူ့ ရဲဘော် တပ်ဖွဲ့ဝင်များ မှာ ပြည်ထောင်စုအစိုးရဘက်တွင် ရပ်တည်ခဲ့သည်။

Medical Platoon, 2nd Chin Rifle

၁၉၄၈ခုနှစ် သြဂုတ် ၁၈ တွင် သရက်မြို့၌ တပ်ချထားသော ဗမာ့သေနတ်ကိုင်တပ်ရင်း (၁)၊ ဗမာ့သေနတ်ကိုင်တပ်ရင်း (၃) ၏ တဝက်ခန့်နှင့် ဗမာ့ သေနတ်ကိုင်တပ်ရင်း (၆) မှ အချို့တို့သည်လည်း ဗမာပြည်ကွန်မြူနစ်ပါတီ (ဗ.က.ပ) နှင့် ပူးပေါင်းပြီး တောခိုခဲ့ကြသည်။ ဗမာ့တပ်မတော်တွင် ဗမာ့သေနတ်ကိုင် တပ်ရင်း ( ၄)၊ တပ်ရင်း (၂)၊ တပ်ရင်း ( ၅) နှင့် တပ်ရင်း (၃) မှ ထက်ဝက်ခန့် နှင့် တပ်ရင်း (၆) မှ အချို့တို့သည် ပြည်ထောင်စု အစိုးရဘက်တွင် ရပ်တည်ခဲ့ကြသည်။ အခြားကြီးမားသော တိုင်းရင်းသားသေနတ်ကိုင်တပ်ရင်း များဖြစ်ကြသော ကရင်၊ ကချင် နှင့် ချင်းတပ်ရင်း တို့သည်လည်း ပြည်ထောင်စုအစိုးရဘက်တွင် သစ္စာရှိစွာ ရပ်တည်ခဲ့ကြသည်။

လွတ်လပ်သောဗမာပြည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ၊ ပြည်ထောင်စုအတွင်း ကရင်ပြည်နယ် ဖွဲ့စည်းရန် ဖြစ်သော်လည်း နယ်နိမိတ်ပြသနာများအား ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပေ။ လွတ်လပ်ရေး ရခါစတွင် ကရင်အရေးကို ကရင်ရေးရာကောင်စီက တာဝန်ယူခဲ့သည်။ ကရင်အမျိုးသား များ သည်လည်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လက်ခံသဘောတူ ခြင်းမရှိဘဲ ကရင်ပြည်နယ် ရရှိရေး ကို တစ်ခဲနက်တောင်းဆိုခဲ့ကြသည်။ 

ဒုတိယကမ္ဘာစစ်အတွင်းတွင် ကရင်အမျိုးသားတို့သည် ဗြိတိသျှတို့ လက်အောက်တွင် သစ္စာရှိစွာ အမှုထမ်းခဲ့ကြသည်။ ဗြိတိသျှတို့ အိန္ဒိယသို့ ဆုတ်ခွာသောအခါ ကရင်ရွာများသည် သူတို့၏ မိသားစုနှင့် ရွာများအား ကာကွယ်ရန်အတွက် လက်နက်စွဲကိုင်ခဲ့ကြသည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) နှင့် ဂျပန်တပ်မတော် တို့ ဗမာပြည်အား ဗြိတိသျှတို့ထံမှ သိမ်းယူပြီးသောအခါ BIA သည် ကရင်ရွာများထံမှ လက်နက်များသိမ်းယူရန် ကြိုးပမ်းခဲ့သည်။ 

သို့သော် ကရင်ရွာသားများက လက်နက်ချရန် ငြင်းဆန်သဖြင့် BIA တပ်နှင့် ကရင် လက်နက်ကိုင်များကြား ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပေါ်လာခဲ့ပြီး၊ ထိုမှတစ်ဆင့် ကရင် နှင့် ဗမာကြား ပြင်းထန်သော လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့ရသည်။ ကရင်လူမျိုးနှင့် ဗမာလူမျိုး တစ်ဖက်နှင့် တစ်ဖက် ရက်စက်စွာ သတ်ဖြတ်ခဲ့ကြပြီး ရွာပေါင်းများစွာ ပြာကျကာ ထောင်ပေါင်းများစွာသောလူများ သေကြေပျက်စီးခဲ့ကြရသည်။ 

ကရင်နှင့် ဗမာလူမျိုးအကြား အဓိကရုဏ်များနှင့် မငြိမ်သက်မှုများ၏ ရလဒ်အဖြစ် ကရင် အမျိုးသားဝါဒ ကြီးထွားလာပြီး လူများစုဗမာတို့၏ ခြိမ်းခြောက်မှုကို ထိရောက်စွာ တုံ့ပြန်ရန် အတွက် အမျိုးမျိုးသော ကရင်အုပ်စုများ ဖွဲ့စည်းခဲ့ ကြပြီး ၁၉၄၇ တွင် Karen Central Organization, Burma Karen National Association, Karen Youth Organization နှင့် Karen National Association စသည့် ကရင် အဖွဲ့အစည်း များအား စုစည်းကာ Karen National Union (KNU) စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ 

လူသိများထင်ရှားသော ရှေ့နေ နှင့် ကရင်နိုင်ငံရေးသမား စောဘဦးကြီးသည် KNU ၏ ပထမဦး ဆုံးသော ဥက္ကဌ ဖြစ်ခဲ့သည်။ KNU တည်ထောင်ပြီး ၁၉၄၇ ခုနှစ် ဧပြီလ ၁၆ တွင် KNU ၏ လက်နက်ကိုင်အဖွဲ့အစည်း Karen National Defense Organization (KNDO) အားတည်ထောင် ခဲ့ကြသည်။ 

ယခင်က လက်နက်ကိုင် ရွာသားများသည် KNDO တွင် ပါဝင်လာကြပြီး အဖွဲ့အစည်း အင်အားသည် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ KNDO ၏ ပြည်ထောင်စုအစိုးရအား တောင်းဆိုချက်မှာ မြစ်ဝကျွန်းပေါ် ဒေသအပါအဝင်၊ ဗမာပြည် အောက်ပိုင်း အားလုံးနီးပါးအား လွတ်လပ်သောကရင်ပြည်နယ်အဖြစ်ပေးရန် ဖြစ်သည်။ ထိုတောင်းဆိုချက် အား ဗမာပြည် အစိုးရမှ ငြင်းပယ်လိုက်သောအခါ နှစ်ဦးနှစ်ဖက်ကြားတွင် တင်းမာမှုများ ကြီးထွားလာခဲ့သည်။

သထုံ နှင့် မော်လမြိုင်ဘက်မှ KNDO နှင့် MNDO တို့၏လှုပ်ရှားမှုမှာလည်း ၁၉၄၈ နှစ်ကုန်ပိုင်းတွင် အဆိုးဆုံး အခြေအနေသို့ရောက်ရှိခဲ့ရသည်။ သထုံဘက်မှ KNDO တပ်များက သထုံခရိုင်ကို သိမ်းပိုက် လိုက်ပြီး MNDO နှင့် KNDO တို့ကလည်း မော်လမြိုင်ကို သိမ်းပိုက်ခဲ့သည်။ ၎င်းတို့အား ပြန်လည် တိုက်ထုတ်ရန်အတွက် ဒုဗိုလ်မှူးကြီးသိန်းနိုင် ဦးစီးသော ကချင်သေနတ်ကိုင်တပ်ရင်း (၂) နှင့် ဒုဗိုလ်မှူးကြီး ဆွန်ခိုပေါင် ကွပ်ကဲသော ချင်းသေနတ်ကိုင်တပ်ရင်း (၂) တို့ကို စစ်ရုံးချုပ်မှ မော်လမြိုင်သို့ စေလွှတ်ခဲ့သည်။

 ချင်းတပ်ရင်း (၂) သည် ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ဒုတိယ အပတ်တွင် ပြည်မြို့မှ မော်လမြိုင်သို့ သင်္ဘောဖြင့် ထွက်ခွာခဲ့ကြသည်။ မော်လမြိုင်ရောက်ရောက်ချင်း မြို့တစ်ဝိုက်တွင် ကာကွယ်ရေး အတွက် ခံတပ်များဆောက်လုပ်ပြီးနောက် နီးရာဒေများရှိ KNDO နှင့် MNDO တို့ထံတွင် ချစ်ကြည်ရေးခရီးစဉ်များ စေလွှတ်ရင်း ဒေသလုံခြုံရေးအတွက် ကြိုးပမ်းခဲ့ကြသည်။ 

ထိုဒေသအား ချင်းတပ်ရင်း (၂) မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြပြီး မော်လမြိုင်ခရိုင်တစ်ခုလုံး တရားဥပဒေ ပြန်လည်စိုးမိုး စေနိုင်ခဲ့သည်။ မော်လမြိုင် ဒေသဝန်းကျင် လုံခြုံရေးအတွက် ကချင်သေနတ်ကိုင်တပ်ရင်းမှ တာဝန်ယူခဲ့ပြီးနောက်၊ ချင်းသေနတ်ကိုင်တပ်ရင်း (၂) သည်ကျိုက္ခမီ၊ သထုံနှင့် တနင်္သာရီ ပတ်ဝန်းကျင်ရှိ KNDO နှင့် MNDO အားဆက်လက်နှိမ်နင်းရာ၊ ၎င်းတို့လက်အောက်မှ ထိုဒေသများအား ပြန်လည် ရယူနိုင်ခဲ့ကြသည်။

ထိုသို့ ချင်းတပ်ရင်း (၂) သည်မြန်မာပြည်တောင်ဘက်သို့ စစ်ဆင်နေချိန်တွင် ဗမာ့တပ်မတော် နှင့် အင်းစိန် တွင် တပ်စွဲထားသော KNDO တို့အကြား တင်းမာမှုအမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့သည်။ ၁၉၄၈ နှစ်ကုန်ပိုင်းတွင်ပင် ပြည်တောင်စုအစိုးရမှ တောခိုသွားသော ဗမာပြည်ကွန်မြူနစ်ပါတီ တို့အား ပြည်မြို့တစ်ဝိုက်တွင် နှိမ်နင်းသောအခါ ရန်ကုန်မြို့ရှိ အစိုးရတပ်များကိုပါ စစ်ဆင်ရေးအတွက် စေလွှတ်ခဲ့ ကြသည်။ 

KNDO တို့သည်လည်း ထိုအခိုက်အတန့်တွင် စစ်ပွဲအတွက်သော်လည်းကောင်း၊ ငြိမ်းချမ်း ရေး အတွက် သော်လည်းကောင်း အသုံးချနိုင်သောခြေအနေတွင်ရှိပြီး အစိုးရစစ်တပ်များ တပ်စွဲ မထားနိုင် သည့် နေရာများတွင် မြို့စောင့်တပ်များအဖြစ် အသုံးပြုရန် ထိုစဉ်က ဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးလည်းဖြစ်သော ဦးနုထံ၌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်းက အဆိုပြု တင်ပြ ခဲ့သည်။ 

ထို KNDO များကို ငြိမ်းချမ်းရေးအတွက် အသုံးပြုလိုကြောင်း နှင့် သူတို့၏သစ္စာရှိမှုနှင့် ယုံကြည် စိတ်ချ ရမှုအတွက် သူကိုယ်တိုင် အာမခံ၊ ကတိပြုခဲ့သည်။ ဝန်ကြီးချုပ်က KNDO အား ရန်ကုန်မြို့ လုံခြုံရေးအတွက် အသုံးပြုရန် သဘောတူခဲ့သည်။ KNDO တို့သည် တွံတေးမြို့အား ကွန်မြူနစ်တို့ထံမှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တွံတေးမြို့၏ မြို့စောင့်တပ်အဖြစ် ဆောင်ရွက်ရန် ဗိုလ်ချုပ်စမစ်ဒွန်းမှ အမိန့်ပေးခဲ့သည်။ KNDO တို့ တွံတေးမြို့အား သိမ်းပိုက်ပြီးသောအခါ လက်နက်များကို ရန်ကုန်ရှိ ကရင်ခြံဝင်းအတွင်း တွံတေးတူးမြောင်းမှ တဆင့် သယ်ဆောင်ခဲ့ကြသည်။ 

၁၉၄၉ ခုနှစ်တွင် လက်နက် အပြည့် အစုံ တပ်ဆင်ထားသော တပ်သား (၁ဝဝဝဝ) ထက်မနည်း သည့် KNDO တပ်ဖွဲ့များသည် ရန်ကုန်မြို့၏ အချက်အချကျသော နေရာများတွင် တပ်စွဲ ထားသောကြောင့် လူထုက မနှစ်မြို့ခဲ့ကြပေ။

ပြည်တွင်းစစ်ကြီးစတင်ချိန် တွင် ဗိုလ်မှုးကြီး ဆွန်ခိုပေါင် နှင့် ချင်းသေနတ်ကိုင်တပ်ရင်း (၂) သည် မော်လမြိုင်တွင် တပ်စွဲနေချိန်ဖြစ်သည်။ ၁၉၄၉ ဖေဖေါ်ဝါရီလမှစပြီး KNDO တို့သည် အင်းစိန် တစ်ခုလုံး ထိန်းချုပ်ထားကြသည်။ ပြည်တောင်စုအစိုးရတပ် မှ ကရင်သေနတ်ကိုင်တပ်ရင်း နှစ်ရင်းသည် လည်း အစိုး ရအား ပုန်ကန်ပြီး KNDO တို့နှင့်ပူးပေါင်းကာ သူတို့တပ်စွဲရာ နေရာဖြစ်သော ပြည်မြို့ နှင့် တောင်ငူမြို့ တို့ အား သိမ်းပိုက်ခဲ့ကြသည်။ ၎င်းနောက် ရန်ကုန်အင်းစိန်ရှိ KNDO တပ်တို့နှင့် ပူးပေါင်းရန် ဆုန်ဆင်း ခဲ့ကြသည်။ 

ရန်ကုန်ရှိ KNDO တပ်တို့သည်လည်း ပြည်တောင်စုအစိုးရတပ်များဖြစ်သော ချင်း သေနတ်ကိုင် တပ်ရင်း (၁) နှင့် ဗမာ့တပ်ရင်း (၅) တို့နှင့် ရန်ကုန် ၏ ဆင်ခြေဖုံးဒေသဖြစ်သော သမိုင်း နှင့် ခဝဲခြံ တစ်ဝိုက်တွင် ပြင်းပြင်းထန်ထန် တိုက်ပွဲများဖြစ်ပွား ခဲ့ကြသည်။ ဝန်ကြီးချုပ်ဦးနုသည် အင်းစိန် တိုက်ပွဲ အတွက် အင်းစိန်စစ်မျက်နှာတွင် အင်အားဖြည့်တင်းရန် ပြင်ဆင်ရတော့သည်။ တဆက်တည်းတွင် ဗိုလ်ချုပ် နေဝင်းသည် ဗိုလ်မှူးကြီး ဆွန်ခိုပေါင် နှင့် သူတပ်ရင်း တစ်ရင်း လုံးအား အင်းစိန်စစ်မျက်နှာတွင် တိုက်ပွဲဝင်ရန် အမိန့်ပေးခဲ့သည်။ 

ဗိုလ်မှူးကြီး ဆွန်ခိုပေါင် သည် သူ၏ တပ်ရင်းတစ်ရင်းလုံးနှင့်အတူ မော်လမြိုင်လေဆိပ်မှ သုံးရက်အတွင်း စစ်လေယာဉ်ဖြင့် အခေါက်ပေါင်း လေးခေါက်ဆွဲကာ မင်္ဂလာဒုံ လေဆိပ်သို့ ရောက်ရှိခဲ့ကြသည်။ ဤသို့ဖြင့် မတ်လ ဒုတိယအပတ်တွင် ဗိုလ်မှူးကြီး ဆွန်ခိုပေါင် နှင့် ဒုတပ်ရင်းမှူး ဗိုလ်မှူး သွာလ်ခုပ်တို့ ဦးဆောင်သော ချင်းတပ်ရင်း (၂) သည် စော်ဘွားကြီးကုန်းတွင် စစ်မျက်နှာ အသစ်ထပ်ဖွင့်ကာ KNDO နှင့် ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရသော ချင်းတပ်ရင်း (၁) နှင့် အခြား ပြည်ထောင်စုတပ်ရင်းများအား အသက်ရှူချောင်စေခဲ့သည်။ 

ချင်းတပ်ရင်းများနှင့် ပြည်ထောင်စု တပ်ရင်းများသည် KNDO တို့အားအင်းစိန်မှ တစ်ဖြည်းဖြည်း တိုက်ထုတ်နိုင်ခဲ့ပြီး၊ မေလ ဒုတိယ အပတ်တွင် ချင်းတပ်ရင်းများသည် မင်္ဂလာဒုံ၊ စဉ့်ကူး၊ ဖော့ကန်၊ အောင်ဆန်းဒေသတို့မှ KNDO တို့အား တိုက်ထုတ် နိုင်ခဲ့သည်။ မေလ ၂၁ ရက်နေ့တွင် အင်းစိန်ရှိ စွတ်ကြယ်စက်ရုံတိုက်ပွဲအား ချင်းတပ်ရင်းများမှ အောင်မြင် စွာ အနိုင်ရပြီးနောက် ၁၉၄၉ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် KNDO တို့အား အင်းစိန်မှ တိုက်ထုတ် နိုင်ခဲ့ကြသည်။ 

ဤသို့ဖြင့် ချင်းတပ်ရင်း များသည် ပြည်ထောင်စုကြီးပြိုကွဲမည့်အရေးမှ ကာကွယ်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။ ချင်းသေနတ်ကိုင်တပ်ရင်း တို့သည် အမိပြည်ထောင်စု မြန်မာ နိုင်ငံတော် မပြိုကွဲရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြသည်။ 

ချင်းသေနတ်ကိုင် တပ်ရင်းမှူးများဖြစ်ကြသော ဒုဗိုလ်မှူးကြီးဟရန်ထီယိုး၊ ဒုဗိုလ်မှူးကြီး ဆွန်ခိုပေါင် နှင့် ဒုဗိုလ်မှူးကြီး လျန်ကျင်ဇမ် တို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအား မပြိုကွဲရန် ကာကွယ်သူများထဲတွင် အဓိကဇတ်ဆောင်များ ဖြစ်ခဲ့ကြသည်။ ထို့အပြင် ဗမာ့ သေနတ်ကိုင်တပ်ရင်းများထဲမှ ချင်းတပ်ခွဲတို့သည်လည်း အသက်ပေး တိုက်ပွဲဝင်ခဲ့ကြသည်။ တမ်မတော်စစ်ရုံးချုပ် (War Office) မှတ်တမ်းအရ ၁၉၄၈ ဇန်နဝါရီလမှ ၁၉၅၀ ခုနှစ်အထိ ပြည်ထောင်စုအတွက် ချင်းတပ်ရင်းများမှ ၁၇၇ ဦးကျဆုံး၊ ၁၅၃ ဒဏ်ရာရ၊ ၁၆ဦး ပျောက်ဆုံး ခဲ့သည်ဟု ဖော်ပြသည်ကိုတွေ့ရှိနိုင်သည်။

၁၉၄၉ ခုနှစ်သည် ချင်းသေနတ်ကိုင်တပ်ရင်းများ၏ စစ်အရည်အသွေးများ မှတ်ကျောက် တင်ရသောနှစ်ဖြစ်သည်။ အင်းစိန်တိုက်ပွဲတွင် ဒုဗိုလ်မှူးကြီးဟရန်ထီးယိုး ကွပ်ကဲသော ချင်းသေနတ်ကိုင်တပ်ရင်း (၁) မှ အရာရှိခြောက်ဦးတို့သည် မြန်မာနိုင်ငံ သူရသတ္တိဆိုင်ရာ စွမ်းရည်ဘွဲ့ တံဆိပ်များတွင် အမြင့်မားဆုံးဖြစ်သော အောင်ဆန်းသူရိယ၊သီဟသူရ နှင့် သူရဘွဲ့များ အသီးသီးဖြင့် ဂုဏ်ပြု၊ချီးမြှင့်ခြင်းခံခဲ့ရသည်။ ထိုဘွဲ့များသည် မိမိအသက်အန္တရယ် ကိုမငဲ့ကွက်ပဲ၊ ကျရောက်သည့်တာဝန်ကို အထူးကျေပွန်စွာ ထမ်းဆောင်သော တပ်မတော်သားများ နှင့် အရပ်သူအရပ်သားများအား ချီးမြှင့်ခြင်းပင် ဖြစ်သည်။ 

ထိုဘွဲ့ရရှိသူများမှာ ဗိုလ်ကြီးတိုက်ချွန်း (အောင်ဆန်းသူရယ နှင့် သူရ)၊ ဒုဗိုလ် Ca Thuan (သီဟသူရ)၊ ဗိုလ် Hniar Ceu (သူရ), ဗိုလ် Thang Sui (သူရ), ဗိုလ် Ngun Nawl (သူရ) နှင့် ဗိုလ် Run Ling (သူရ) တို့ဖြစ်ကြသည်။ ဗမာ့သေနတ်ကိုင်တပ်ရင်း (၂) မှ ချင်းတိုင်းရင်းသား ဒုတပ်ကြပ် Za Kaia သည်လည်း သီဟသူရဘွဲ့ဖြင့် ချီးမြှင့်ခြင်းခံရသည်။ မြန်မာတနိုင်ငံလုံး သမိုင်း တလျောက်တွင် အောင်ဆန်းသူရိယ ဘွဲ့ရရှိသူမှာ (၆)ဦးသာရှိပြီး အသက်ရှင်လျှက်နှင့် လက်ခံရရှိသူမှာ ချင်းသေနတ်ကိုင်တပ်ရင်း (၁)မှ ဗိုလ်ကြီးတိုက်ချွန်းတစ်ဦးတည်းသာ ဖြစ်သည်။

ဒုဗိုလ်မှူးကြီး ဆွန်ခိုပေါင် ကွပ်ကဲသော ချင်းသေနတ်ကိုင်တပ်ရင်း (၂) မှလည်း အရာရှိ နှင့်စစ်သား (၆၄) ဦးတို့မှ သူရတံဆိပ်ရရှိသူ (၁၂) ဦး၊ စတုတ္ထအမြင့်ဆုံးဘွဲ့ဖြစ်သော သူရဲကောင်း မှတ်တမ်းတင်ဆုရရှိသူ (၂၄) ဦး၊ ပဉ္စမ အမြင့်ဆုံးဘွဲ့ဖြစ်သော Supreme Commander‘s Certificate of Gallantry Award (SCCOG) ရရှိသူ (၂၇)ဦး နှင့် ဆဋ္ဌမ အမြင့်ဆုံးဘွဲ့ဖြစ်သော Certificate of Honour (COG) ရရှိသူ (၁) ဦး တို့ဖြစ်ကြသည်။

No comments:

Post a Comment

LAI HOLH